Thursday, April 17, 2008

နှစ်သစ်မင်္ဂလာ (နှစ်ဆန်းတစ်ရက်)

မြန်မာတို့ရဲ့ နှစ်သစ်မင်္ဂလာကို ရောက်ခဲ့ပြန်ပါပြီ။ နှစ်ဟောင်း ကုန်လို့ နှစ်သစ်ပြောင်းပြီးရင် ဗုဒ္ဓဘာသာ မြန်မာလူမျိုးတိုင်းရဲ့ ရှေးထုံးလေး တစ်ခုကတော့ နှစ်ဆန်း တရက်နေ့မှာ ကုသိုလ်ကောင်းမှုတွေ လုပ်ကြတာပါပဲ။ ကျွန်တော်တို့တွေ ဟာ သင်္ကြန်တွင်း တခဏတာ ပျော်ရွှင်ကြပြီးပြီမို့ ဘ၀ သံသရာမှာလည်း ပျော်ရွှင်ရအောင် ကုသိုလ် ကောင်းမှုတွေ လုပ်ကြရတာပေါ့။ ဒီနေ့ မနက်တော့ မေမေ နဲ့ ကျွန်တော် မနက်စောစော ရွှေတိဂုံ ဘုရားကို တက်ခဲ့ကြပါတယ်။ နှစ်ဆန်း တရက်နေ့ဆိုတော့ ရွှေတိဂုံ ဘုရား ဖူးတဲ့ သူတွေက ကြက်ပျံမကျ စည်ကားလွန်းနေပါတယ်။ မြောက်ဖက် မုခ် ဘက်မှာဆို ကားတွေ များလွန်းလို့ တန်းစီပြီး မုခ်နားရောက်တဲ့အထိ တလှိမ့်ချင်းတိုးခဲ့ရပါတယ်။ ဘုရားပေါ်တက်တဲ့ မြောက်ဘက် မုခ် လှေကားတွေမှာ ဆို လူတွေ ဖွေးဖွေး လှုပ်ပဲ။ ( ဓာတ်လှေကားကတော့ လူတအား များနေမှာ စိုးလို့ ကျွန်တော်တို့ သားအမိ ခြေကျင်တက်ခဲ့ပါတယ်)။



မြောက်ဘက် မုခ်



ဘုရား ဖူးလာ မိတ်သဟာ တွေပေါ့



မြောက်ဘက် မုခ်မှ မြင်ရသော ရွှေတိဂုံ စေတီတော်မြတ်


ရင်ပြင်တော် ပေါ်မှာလည်း ဘုရားဖူးသူတွေ တအား များလွန်းလို့ တိုးမပေါက်ပါဘူး။ ဂြိုလ်တိုင် ထောင့်တွေ မှာဆို မနည်း ဦးချနေရတယ် လူတွေ များလွန်း အားကြီးလို့လေ။ အောင်မြေမှာဆို ထိုင်စရာ နေရာတောင် မရှိဘူး။ အောင်မြေ နားက ပန်းအိုးတွေဆို ပန်း ကပ်တဲ့ သူတွေ များလွန်းလို့ ပန်းတွေ ပြန်စွန့်ထားတာ တောင်ပုံရာ ပုံ လို့။



အောင်မြေမှာ ဒီလို ကြိတ်ကြိတ်တိုး ၀တ်ပြုနေကြတယ်



ဘုရားပန်းတွေ များလွန်းလို့ တောင်ပုံ၊ ရာပုံ



နေ့အလိုက် ဂြိုလ်တိုင် ထောင့်တွေမှာလဲ ဘုရားဖူးသူတွေ တော်တော် များတယ်။




ရွှေတိဂုံ ရင်ပြင်တော်ပေါ်မှာ ဒီလို ကြက်ပျံမကျ စည်ကားနေတယ်။



ဆင်းတဲ့ သူတွေနဲ့ တက်တဲ့သူတွေ


မေမေနဲ့ ကျွန်တော်နဲ့ကတော့ ကျွန်တော်တို့ ဂြိုလ်တိုင်တွေ ဆီမှာ ဦးချ၊ လက်ဝဲ ရစ် တပတ် ပတ်ပြီး မဟာဝိဇယ ငါးလိပ်ကန်ဘက် ကို ပြန်ဆင်းခဲ့တာပေါ့။ ငါးလိပ်ကန်မှာ ငါးလွှတ်၊ ငှက်လွှတ်တဲ့ သူတွေကလဲ အများသားပဲ။ မနည်း တိုးခဲ့ရတယ်။ ကျွန်တော်က ငှက်၂ကောင်ပေါင်း ငါးရာ၊ မေမေကတော့ သူ့သက်စေ့ ငါး သေးလေးတွေ ၂၀၀၀ ဖိုး ၀ယ်ပြီး ကုသိုလ်ဖြစ် လွှတ်ခဲ့တယ်။ အပြန်ကျတော့ ဗဟန်း ၃လမ်းဘက်က ပတ်ပြန်ခဲ့တယ်။


လွှတ်မယ့် ငါးလေးတွေ


မဟာ ၀ိဇယဘက်က ငါးလိပ်ကန်မှာလဲ လူတွေ တိုးမပေါက်....



ဤငှက်ကလေး လွတ်မြောက်သွားသလို ....


ကျွန်တော်တို့ ပြန်တာ ၉နာရီလောက် ရှိတာတောင် လူတွေ ဘုရားပေါ် တက်နေကြတုန်း တဖွဲဖွဲပါပဲ။ ဒီလို ဘုရား တရား ကြည်ညိုတဲ့ အကျိုးကျေးဇူးကြောင့် နှစ်သစ်မှာ မြန်မာ လူမျိုးအားလုံး လွတ်လပ်ပျော်ရွှင်ပြီး လိုချင်တဲ့ ဆန္ဒနဲ့ ပြည့်ဝ ပါစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

2 comments:

စိုးထက် - Soe Htet ! said...

သာဓု သာဓု သာဓု မောင် မင်းယွန်းးး :P

Anonymous said...

We must free...